ပဲခူး ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရရှိသောအခွင့်အရေးကို လက်လွတ်မခံ အမျိုးသားရေးအခွင့် အလမ်းတို့ကို ပြည့်ပြည့်ဝဝ အသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြသည်။
ပဲခူးမြို့နယ်အနေဖြင့် ရပ်ကွက်(၃၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၆)အုပ်စုတွင် မဲရုံပေါင်း(၂၁၆)ရုံ၊ တပ်မဲရုံ(၂၂)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၃၈၀၀၀၀)ကျော် ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)