ဘားအံမြို့နယ်အတွင်း တိုင်းရင်းသားပြည်သူများလွတ်လပ်အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

ဘားအံ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်စုပေါင်း ၈၈ အုပ်စု၌ လျာထားမဲရုံပေါင်း ၂၁၈ ရုံ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ၁၅၂၂ လုံးဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပရာ နံနက် ၆ နာရီမှစ၍ ဒေသခံတိုင်းရင်းသားပြည်သူများသည် လွတ်လပ်အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။

ဘားအံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၂၈၀၀၀၀ ကျော်ရှိပြီး သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာ အုပ်စုမဲရုံများအလိုက် ဆန္ဒမဲပေးလျက်ရှိရာ အများပြည်သူအေးချမ်းစွာဆန္ဒမဲပေးနိုင်ရေး နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများက လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိပြီး အများပြည်သူစနစ်တကျလွယ်ကူစွာမဲပေးနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ကျမဲရုံဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပသွားမည်ဖြစ်ရာ ကရင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)အနေဖြင့် ဘားအံ၊ သံတောင်ကြီးနှင့် မြဝတီမြို့နယ်တို့တွင် ကျင်းပသည်။  အပိုင်း(၂)အနေဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် လှိုင်းဘွဲနှင့်ဖာပွန်မြို့နယ်တို့တွင်လည်းကောင်း၊ အပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်ကာ တိုင်းရင်းသားပြည်သူများအားလုံးဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)