လွိုင်ကော် ဒီဇင်ဘာ ၂၈
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ မဲရုံများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအားတွေ့ဆုံအားပေးပြီး မဲရုံသုံးပစ္စည်းများ ပို့ဆောင်နိုင်ရေးဆောင်ရွက်နေမှုနှင့် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် လွိုင်ကော်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ မဲရုံအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံအားပေးပြီး ဝန်ထမ်းများနှင့် မဲရုံသုံးပစ္စည်းများ သက်ဆိုင်ရာမဲရုံများသို့ ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ကျဝန်ထမ်းများအားလုံး သတ်မှတ်အစုအဖွဲ့များအလိုက် စနစ်တကျလိုက်ပါနိုင်ရေး၊ မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ ပြည့်စုံစွာပါရှိပြီး ထိခိုက်ပျက်စီးမှု မရှိစေရေးနှင့် လုံခြုံရေးနှင့်အုပ်ချုပ်မှုကိစ္စရပ်များ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူ များအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လောဓမ္မရပ်ကွက် မဲရုံအမှတ် (၁)သို့ ရောက်ရှိပြီး မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့များ စုဖွဲ့ထားရှိမှု၊ မဲရုံအတွင်း မဲပေးစက်များ တပ်ဆင် စမ်းသပ်နေမှုနှင့် ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဒေါတမရပ်ကွက် မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် နွားလဝိုးကျေးရွာအုပ်စုရှိ မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် မဲရုံအမှတ် (၃)တို့သို့ သွားရောက်ပြီး မဲရုံတာဝန်ကျဝန်ထမ်းများနှင့် လုံခြုံရေးအဖွဲ့ဝင်များ စုဖွဲ့ထားရှိမှု၊ မဲပေးစက်များ တပ်ဆင်စမ်းသပ်နေမှုနှင့် ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က မဲရုံများ၌ တာဝန်ထမ်းဆောင် ကြမည့် မဲရုံဝန်ထမ်းများ၊ လုံခြုံရေးတာဝန်ရှိသူများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်အောင် အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)