လွိုင်ကော် ဒီဇင်ဘာ ၂၇
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။
လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲသူအားလုံးက ပြည်နယ်ခန်းမရှေ့မှ စတင်ထွက်ခွာပြီး မြို့လယ်နာရီစင်မှ နောင်ယားကန်အထိ၊ ဦးနီလမ်းမှ ထေးငှားလျားကန်နှင့် လွိုင်ကော်တက္ကသိုလ်ကို ဖြတ်သန်းလမ်းလျှောက်ခဲ့ကြပြီး ပြည်နယ်အားကစားကွင်း၌ ပြန်လည်စုစည်းကြသည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance သရုပ်ပြသမှုများကို ပါဝင်ဆင်နွှဲသူအားလုံးက စိတ်လက် ပျော်ရွှင်စွာဖြင့် အတူတကွ လိုက်ပါဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲကြသူအားလုံးကို နံနက်စာမုန့်များကျွေးမွေးခဲ့သည်။
ဆက်လက်၍ လူထုလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသူများကို ပြည်နယ်အစိုးရအဖွဲ့က လူသုံး အိမ်သုံးကုန်ပစ္စည်းများကို ကံစမ်းမဲများ ဖောက်ပေးခဲ့ကြပြီး ကံစမ်းမဲ ပေါက်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
လူထုလမ်းလျှောက်ပွဲ(စတုတ္ထပတ်)တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ ဒေသခံတိုင်းရင်းသား ပြည်သူအင်အား ၅၀၀၀ ခန့် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)