သာယာဝတီမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

သာယာဝတီ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဒီဇင်ဘာလ (၂၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် (၆)နာရီကစတင်၍ ခရိုင်အုပ်ချုပ်ရေးမှူးရုံးဟောင်းတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သာယာဝတီမြို့နယ်အတွင်းရှိ မဲရုံများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုလွှတ်တော်တို့တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များ၊ အရန်စက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်းများမဖြစ်ပေါ်စေရေန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူအဆင့်ဆင့်တို့က အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာမဲရုံများအား ဇုံနယ်မြေများခွဲ၍ သက်ဆိုင်ရာတာဝန်ရှိသူများထံ သတ်မှတ်အချိန်အလိုက် ထုတ်ပေးလျက်ရှိသည်။

သာယာဝတီမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၉)တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၂၇၇၁၆)ဦး ရှိပြီး မဲရုံပေါင်း (၁၁၀)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။

ခရိုင်(ပြန်/ဆက်)