မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ် ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်တက္ကသိုလ် ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သော တက္ကသိုလ်ကျောင်းသား/ သူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၂၆)ရက် မွန်းလွဲပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။

ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမျိုးသမီးပြိုင်ပွဲ၌ သင်္ချာအသင်းနှင့် ဓာတုဗေဒအသင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒဿနိကဗေဒအသင်းနှင့် ဓာတုဗေဒအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အမျိုးသမီးပြိုင်ပွဲတွင် သင်္ချာအသင်းက သုံးပွဲနှစ်ပွဲဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒဿနိကဗေဒအသင်းက သုံးပွဲပြတ်ဖြင့်လည်ကောင်း အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပရာ ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၌ တတိယ၊ ဒုတိယနှင့် ပထမဆုရရှိသော အားကစားသမားများအား လည်ဆွဲဆုများ၊ ပြိုင်ပွဲတလျောက် အကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံးစပေးဘော၊ ခုခံဆယ်မ၊ ပိတ်ဆို့၊ ပင့်ထောင်၊ ရိုက်ခုအားကစားသမားဆု ရရှိကြသူများအား ဆုတံဆိပ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၌ ပထမရရှိသောအသင်းများအား မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းအိက တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။ အဆိုပါ ပြိုင်ပွဲကို ဒီဇင်ဘာ(၂၂)ရက်မှ (၂၆)ရက်ထိ ကျင်းပခဲ့ပြီး ဘာသာရပ်ဌာန အသီးသီးမှ အမျိုးသားအသင်း(၁၀)သင်း ပြိုင်ပွဲဝင် အားကစားသမား (၁၀၄)ဦး၊ အမျိုးသမီးအသင်း(၈)သင်း၊ ပြိုင်ပွဲဝင် အားကစားသမား (၈၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )