ထားဝယ် ဒီဇင်ဘာ ၂၇
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ဦးစွာတိုင်းရင်းသားများက "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" သီချင်းဖြင့် ဖျော်ဖြေသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိသည့် တိုင်းရင်းသားကိုယ်စားလှယ်များ အချင်းချင်းနှင့် ဌာနဆိုင်ရာများ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု အပြန်အလှန်လေးစားမှုနှင့်ရိုင်းပင်ကူညီမှုများ ပိုမိုခိုင်မြဲလာစေရန်နှင့် တိုင်းရင်းသားများအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်တည်ဆဲဥပဒေများပါ တိုင်းရင်းသားများ၏ အခွင့်အရေးကို ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ကျင်းပခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ တိုင်းရင်းသားများ၏အခွင့်အရေးကို ပိုမိုသိရှိနားလည်ပြီးတိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့်စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်အခြေခံ၍ မိမိတို့နေထိုင်ရာဒေသအတွင်းရှိ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေအားလည်းကောင်း၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ယာယီသမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဆလိုင်းအင်ဒရူးငွန်ကျုံးလျန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ အသိပညာပေးဟောပြောသော ဒုတိယဝန်ကြီးနှင့် အကြံပေးပုဂ္ဂိုလ်အား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်ညီအစ်ကို မောင်နှမများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၀၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)