မုံရွာ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ သူများ ချစ်ကြည်ရင်းနှီးမှုများ ရရှိနိုင်စေရန်အတွက် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာန ပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ မီနီမာရသွန်အပြေးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နေပြည်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ အဆိုပါမုခ်ဦးရှေ့တွင် အမျိုးသား၊ အမျိုးသမီးမီနီမာရသွန်အပြေးပြိုင်ပွဲအား တာထွက်အချက်ပြအလံဝှေ့ရမ်းကာ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ အမျိုးသမီးမီနီမာရသွန်အပြေးပြိုင်ပွဲဝင် ၅၈ ဦးမှ အရှေ့ဘက်ကန်သာယာကန်တစ်ပတ်အားလည်းကောင်း၊ အမျိုးသားမီနီမာရသွန် အပြေးပြိုင်ပွဲဝင် ၈၆ ဦးက အရှေ့၊ အနောက်ဘက်ကန်သာယာကန်တို့အားလည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ မာရသွန်အပြေးပြိုင်ပွဲဝင် အားကစားသမားများ ပန်းဝင်လာမှုတို့အား တစ်ပျော်တစ်ပါးကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလျက်ရှိသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Fitness Dance ပြိုင်ပွဲသို့ ရောက်ရှိရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက Fitness Dance ဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက ဝန်ကြီးဌာနများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ Fitness Dance ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အလုံ) ကျောင်းဝန်းအတွင်းရှိ မဲရုံအမှတ် (၂) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ခံတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ စစ်ပင်ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအမှတ် (၃) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည်ရှုခဲ့ကြပြီး မဲရုံမှူး၊ဒုတိယမဲရုံများနှင့် အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)