တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မဲရုံများတွင် လိုအပ်သောပစ္စည်းများ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ မဲပေးမည့်မဲဆန္ဒရှင်များ မဲရုံရောက်ရှိရေးအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးရာတွင် မဲရုံနှင့်ဝေးကွာနေသူများအား မဲရုံသို့ရောက်ရှိရေးအတွက် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များတွင်ရှိသည့် အလှမ်းဝေးကွာသော မဲဆန္ဒရှင်ပြည်သူများကို  မဲရုံသို့ရောက်ရှိအောင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် တွေ့ကြုံရသည့်အခက်အခဲများကို တင်ပြပေးကြရန်လိုအပ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့် ပတ်သက်၍ မြို့နယ်အလိုက် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ MEVM စက်ကိုင်တွယ်အသုံးပြုမှုအား လက်တွေ့တွင်လည်းကောင်း၊ မြေပြင်တွင်လည်းကောင်း ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ MEVM စက် ကိုင်တွယ်အသုံးပြုမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများကို မွမ်းမံသင်တန်းများ‌ ပေးထားပြီးဖြစ်ကြောင်းနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ဆောင်ရွက်ထားရှိအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)