ပေါင်းတည် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေရယူကာ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးတို့အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းကို နှစ်စဉ်ဆောင်ရွက်ခဲ့ကြရာ ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးအဖွဲ့က တောင်သူများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ဝဲကြီးရေလှောင်တမံအတွင်း ရေဝင်ရောက် သိုလှောင်ထားရှိမှု အခြေအနေ၊ နွေစပါးစိုက်ပျိုးမည့် စိုက်ပျိုးမြေ ဧရိယာနှင့်ရေဖြန့်ဝေနိုင်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန်၂၆၃၄၃ ဧက လျာထား သတ်မှတ်ခဲ့ကြကြောင်းသိရသည်။
ထို နွေစပါး စိုက်ပျိုးရေးအတွက် ဝဲကြီးရေလှောင်တမံမှ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ စိုက်ပျိုးရေပေးဝေနိုင်ရေးကို ဆည်မြောင်းစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ အလားတူ တောင်သူများအနေဖြင့် နွေစပါးများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် စိုက်ပျိုးမည့် မြေများ၌ ကြိုတင်ထွန်ယက်ကာ နွေထယ်ရေးခံခြင်း၊ မြေပြုပြင်ခြင်းနှင့် လိုအပ်သော လယ်ကြားမြောင်းများ တူးဖော်ခြင်းများကို ကြိုတင်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
ရွှေသား(IPRD)