အထူးကုဆရာဝန်ကြီးများ ပဲခူးမြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူး ဒီဇင်ဘာ ၂၆

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ မယင်းကျေးရွာတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဆေးကုသမှု လာရောက်ခံယူကြသည့် ပြည်သူများအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားကာ အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက်ဆေးကုသပေးနေမှု့အား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုး‌ဆွေဝင်းနှင့် ဇနီးတို့သည် ဆေးကုသမှုလာရောက်ခံယူကြသည့် ရဟန်းရှင်လူပြည်သူ(၃၅၀)ဦးကျော်အား နေ့လည်စာထမင်းဗူးနှင့် ရေသန့်တို့အားလှူဒါန်းခဲ့ပြီး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်ရေးနှင့် ပြည်သူများအသက်ရှည်အနာမဲ့စွာ နေထိုင်နိုင်ရေးအတွက် မြို့ပေါ်ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကျေးလက်ဒေသအထိ အခမဲ့ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများအပြင် လိုအပ်သည့် ဆေးဝါးများကိုလည်း ဖြည့်ဆည်း ပေးလျှက်ရှိပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးရာတွင် အထူးကုဘာသာရပ်များ ဖြစ်သည့် အထွေထွေရောဂါကုသမားတော်၊ အရိုးရောဂါအထူးကု၊ သားဖွားမီးယပ်ရောဂါအထူးကု၊ မျက်စိရောဂါအထူးကု၊ သွားနှင့်ခံတွင်း ရောဂါအထူးကု စသည့် ဘာသာရပ်()ခုဖြင့် ကျန်းမာရေး စစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)