ထားဝယ် ဒီဇင်ဘာ ၂၆
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ တိုင်းရင်းသားရေးရာ စင်တာရုံး၌ ကျင်းပခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့က တိုင်းရင်းသားရေးရာစင်တာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စင်တာဆိုင်းဘုတ်အားစက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးကာ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးသည်။
ထို့နောက် အခမ်းအနားကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး အတွင်းမှာရှိသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် မိမိတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းများ၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး တည်ဆောက်ထားသည့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာ ဖွင့်ပွဲအခမ်းအနားဖြစ်ကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များအချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုအပြန်အလှန် လေးစားမှုနှင့် ရိုင်းပင်းကူညီမှုများ ပိုမိုခိုင်မြဲလာစေရန်၊ တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးကို ပိုမိုသိရှိနားလည်ကာ ဌာနဆိုင်ရာများနှင့်ရင်းနှီးစွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်ပါကြောင်း၊ ယခုတည်ဆောက်ပြီးစီး သောတိုင်းရင်းသားရေးရာ စင်တာသည်တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေးရိပ်မြုံ၊ တိုင်းရင်းသားများ ကြိုးပမ်းအားထုတ်မှုအတွက် အောင်မြင်မှုပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများ အားလုံးအတွက် စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သာသနာ၊ မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ဆောင်ရွက်သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်အခမ်းအနားများကို လွတ်လပ်စွာကျင်းပ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း၊ ထို့အပြင်တိုင်းရင်းသားလူငယ်များ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားအနုပညာနှင့် ယဉ်ကျေးမှုသင်တန်းများ၊ အသက်မွေးကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာစင်တာအား တနင်္သာရီတိုင်းဒေသကြီး အပါအဝင် ၃ ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ စင်တာဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီးSuccessful TMA Co.,Ltd၊ မန်နေးဂျင်းဒါရိုက်တာ ဦးခိုင်ထွန်းဝင်းက တိုင်းရင်းသားရေးရာစင်တာအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးစောမာတင်လူသာက လက်ခံယူသည်။
ထို့နောက် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာကဖိတ်ကြားထားသောဧည့်သည်တော်များအား စင်တာအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)