လွိုင်လင် ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ မဲပေးစက်များ၊ မဲရုံသုံးဆက်စပ်ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူပြီး တာဝန်ကျရာမဲရုံအသီးသီးသို့ ထွက်ခွာသွားကြသည်။
ထိုသို့ မထွက်ခွါမီ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ၊ ဆက်စပ်ပစ္စည်းများကို ကျေးရွာအုပ်စုမဲရုံများအတွက် စနစ်တကျထုတ်ပေးပြီးနောက် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်တို့က လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပလကဖအဖွဲ့ဝင်များကို လုံခြုံရေးကိစ္စလျော့နည်းမှု မဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရန်၊ အခက်အခဲတစ်စုံတရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာကွပ်ကဲမှုအဆင့်ဆင့်တို့ကို အချိန်နှင့် တစ်ပြေးညီတင်ပြကြရန်၊ မဲပေးမည့်မဲဆန္ဒရှင်များ၏ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုမရှိစေရေး ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြရန် လိုအပ်သည်များမှာကြားကြသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွိုင်လင်မြို့နယ်၌ မဲရုံပေါင်း (၆၈) ရုံရှိပြီး တတိယအကြိမ်မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ(၈၁၇၁၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)