ဒိုက်ဦး ဒီဇင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" တိုင်းရင်းသားဘာသာ စကား(၅)မျိုးပါသည့် လက်ကမ်းစာစောင်ကို ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က မြို့နယ်အားကစားရုံတွင် အသက် ၁၃ နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ လာရောက်ကြည့်ရှူသော မိဘပြည်သူများထံ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းလမ်းမရှိပါ။ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်။ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
"ဒို့အတူတူမဲပေးကြမယ်"လက်ကမ်းစာစောင် ဖြန့်ဝေဆောင်ရွက်ခြင်းကို ဒိုက်ဦးမြို့နယ်အတွင်း ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဝေဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)