ပန်းတောင်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်မဲပေး နိုင်ရေးရည်ရွယ်ကာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံက်ပိုင်းက တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ရိုက်နှိပ်သည့် ရွေးကောက်ပွဲ အသိပညာပေးလက်ကမ်းစာစောင်များကို ဒန့်ဒလွန်ကျေးရွာ၊ မြေဝါကုန်းကျေးရွာများ၌ အရှိုချင်းများနေထိုင်သည့် ကျေးရွာများသို့ ပြည်များ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့က “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့”၊ “ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့မဲရုံသွားပြီးမဲပေးကြပါစို့”၊ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့”စသည့် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၊ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)