လောင်းလုံး ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်က ဒေသခံတောင်သူများအနေဖြင့် မိုးစပါးအပြီး သီးထပ်စွမ်းအားတိုးတက်လာစေရန် ဆောင်းသီးနှံစိုက်ပျိုးလျက်ရှိပါကြောင်းနှင့် အဆိုပါတောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အဆိုပါမြေဩဇာများကို အကျိုးရှိစွာအသုံးချ၍ တစ်ဧကအထွက်နှုန်းတိုးတက်ရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်းထက်ပိုင်က ၂၀၂၅ ခုနှစ်အတွက် ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ နှမ်း၊ မြေပဲ) စိုက်ပျိုးသည့် တောင်သူများအတွက် (ပဉ္စမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးကျော်ဇေယျ၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်မြတ်ထိုက်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကာ အခမ်းအနားရုတ်သိမ်းလိုက်ကြောင်း သိရပြီး လောင်းလုံးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ၄၄၀ အိတ်ကို ကျေးရွာများရှိ တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟိန်းထက်ပိုင်ထံမှ သိရသည်။
သိန်းသိန်း