တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ခရစ်စမတ်ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ်စမတ်ညစာစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ အိမ်ရာဝင်းအတွင်း၌ကျင်းပရာ ဦးစွာ ခရစ်ယာန် ဆရာတော်လင်းလင်းက အဖွင့်ချီးမွမ်းသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ခရစ်စမတ်ညစာစားပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးညီညွတ်စွာဖြင့် ဆုံစည်းပေါင်းစပ်နိုင်ရန်အထိမ်းအမှတ်ဖြင့် ညစာစားပွဲကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ညစာစားပွဲတွင် လူမျိုးဘာသာမရွေးတွေ့ဆုံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ခရစ်ယာန်အသင်းတော်မှ ကိုယ်စားလှယ်များအား ခရစ်စမတ် လက်ဆောင်ပေးအပ်ပြီး ခရစ်ယာန်မိသားစုကိုယ်စား ဖာသာသိန်းခင်က တိုင်းဒေသကြီးအစိုးရအဖွဲ့အား အမှတ်တရလက်ဆောင်ပေးအပ်သည်။

ဆက်လက်၍ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူများက ခရစ္စမတ်အဓိပ္ပါယ်၊ ခရစ္စမတ်သတင်းကောင်း၊ ကောင်းချီးပေးဆုတောင်းခြင်း၊ ကောင်းချီးမင်္ဂလာဆုတောင်းခြင်း၊ အစားအသောက်များအတွက် ဆုတောင်းခြင်းများ ချီးမွမ်းခဲ့ကြသည်။

ယင်းနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခရစ္စမတ်အစားအသောက်ဖြင့် တည်ခင်းဧည့်ခံပြီး ခရစ်ယာန်အသင်းတော်မှ လူငယ်များက ခရစ္စမတ်အက၊ အဖွဲ့လိုက်သီချင်းဖြင့် ချီးမွမ်းဖျော်ဖြေကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေချီးမြှင့်သည်။

ခရစ်စမတ်ညစာစားပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူများနှင့်လူငယ်များ၊ တိုင်းရင်းသားပေါင်းစုံမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူတက်ရောက်ခဲ့ကြသည်။

ထို့နောက် ဒီဇင်ဘာ ၂၅ ရက်​နေ့တွင် ကျရောက်သည့် ခရစ်စမတ်နေ့အများ ပြည်သူရုံးပိတ်ရက်၌ ယနေ့ညနေပိုင်းတွင် ထားဝယ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ရောင်စုံမီးများ အလှဆင်ထားပြီး လာရောက်ကြည့်ရှုသူများအား ဂီတအနုပညာကို ခံစားကြည့်ရှုနိုင်စေရန်အတွက် ဝါသနာရှင်များက စတိတ်ရှိုး၊ ဇာတ်သဘင်၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ညလုံးပေါက် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိသောကြောင့် ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အပြင် ကမ်းနားလမ်းရှိ ဈေးဆိုင်ခင်းများတွင်လည်း ဒေသခံပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးနေသောကြောင့် လာရောက်ကြည့်ရှုဝယ်ယူစားသောက်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဒေသခံပြည်သူများက ခရစ်စမတ် ညကို အေးချမ်းတည်ငြိမ်စွာဖြင့် ဖြတ်သန်းလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)