ဘားအံ ဒီဇင်ဘာ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘားအံမြို့နယ်မှ ဖွင့်လှစ်သည့် အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ သင်တန်းသူ(၂၀)ဦးက စက်တင်ဘာလ ၂၂ ရက်နေ့ မှ ဒီဇင်ဘာလ ၂၀ ရက်နေ့ထိ ကျွမ်းကျင်နည်းပြများ၏ အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်ပညာရပ်များကို သင်ယူပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို အပ်ချုပ်စက်တစ်လုံးစီဆုချီးမြှင့်၍ တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်းချေးငွေများပေးခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေး စတင် ဆောင်ရွက်နိုင်စေရန်လည်း ဆောင်ရွက်ပေးလျက်ရှိကာ အိမ်တွင်းမှုအတတ်ပညာဖြင့် မိသားစုဝင်ငွေရရှိရေးလုပ်ကိုင်၍ ဌာနအသီးသီးမှဆောင်ရွက်လျက်ရှိသော ကျေးလက်ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင်လည်း တတ်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်တို့ကသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား အပ်ချုပ်စက်တစ်လုံးစီနှင့် ဆက်စပ်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းနည်းပြဆရာမအား အမှတ်တရလက် ဆောင်များပေးအပ်ချီးမြှင့်သည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်တန်းခန်းမအတွင်း သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများကို ကြည့်ရှုအားပေးကာတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)