ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့၏၂၀၂၅ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြု ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး ဒီဇင်ဘာ ၂၆

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက် ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သိက္ခာတော်ရ ဆရာတော်များနှင့် မြို့မိမြို့မများ တက်ရောက်ကြသည်။

ဦးစွာ သိက္ခာတော်ရ ဆရာတော်ရိုဂျင်လိန်းက ပဏာမကျမ်းစာဖတ်ကြားပြီး  ဝတ်ပြု ဆုတောင်းခြင်း အစပြုဆုတောင်းကာ “ယေရှုကြွလာတော်မူကျူး” ဓမ္မသီချင်းဖြင့် ဂုဏ်တော်ချီးမွမ်း ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လူသားများအနေဖြင့် အခါအား လျော်စွာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာ ဂရိုက်စိုက်ခဲ့ကြောင်း၊ သို့သော် လူသားများသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာနှင့် ဝိဉာဉ်ပိုင်းဆိုင်ရာကျန်းမာရေးက လွန်စွာအရေးကြီးကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ် ဂုဏ်ပြုဝတ်ပြု ဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်ပေးကြသူ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ခရစ္စမတ်ငြိမ်သက်ခြင်း ၊ ဝမ်းမြောက်ခြင်းပေါင်း ခညောင်းပါစေကြောင်း  ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ယုံကြည်သူတစ်ဦးက တပင်တိုင်ဂုဏ်တော်ချီးမွမ်း၍ သိက္ခာတော်ရ ဆရာတော် စတီဗင် လျန်ဟုပ်လိန်းက ခရစ္စမတ်အထူးဆုတောင်းပေးကာ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက တေးသရုပ်ဖော်ဖြင့် ဂုဏ်တော်ချီးမွမ်းကြသည်။

ယင်းနောက် သိက္ခာတော်ရ ဆရာတော်ဗန်သီယမ်က ခရစ္စမတ်သတင်းကောင်းဝေငှပြီးနောက်  ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက သံစုံတေးသီချင်းဖြင့် ဂုဏ်တော်ချီးမွမ်းကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သိက္ခာတော်ရ ဆရာတော်စတီဗင် လျန်ဟုပ်လိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ စစ်ဗျူဟာ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် မြို့မိမြို့ဖ ဦးထောင်ကီယာန်းတို့အားလည်းကောင်း၊  ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဒိမ်ခန့်လွင်က သိက္ခာတော်ရ ဆရာတော်ဗန်သီယမ်အားလည်းကောင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးက သိက္ခာတော်ရ ဆရာတော် ကျဲအိုဆန်ကုန်းအား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက သိက္ခာတော်ရ ဆရာတော်လိန်းထန်းနှင့် မြို့မိမြို့ဖ ဦးထလာဘိခ့်အားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးကော်လျန်ထန်းက သိက္ခာတော်ရ ဆရာတော်ရိုဂျင်လိန်းနှင့် မြို့မိမြို့ဖ ဦးထလာကီယိုလျန်အား လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက သိက္ခာတော်ရ ဆရာတော်ဝင်းလွင်နှင့် မြို့မိမြို့ဖ ဦးဆန်အဲရ်အား လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က Pastor ဦးဇနင်းထန်အား လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက Pastor ဦးပီတာဂိုကဲပ်တွောင်အား လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်က မြို့မိမြို့ဖ ဦးကြာကုန်းအားလည်းကောင်း ၊ ခရစ္စမတ်လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ဆက်လက်၍ ပလ္လင်တော်စွန့်ခြင်းကျူး” ဓမ္မသီချင်းဖြင့် ဂုဏ်တော်ချီးမွမ်းကြပြီး သိက္ခာတော်ရ လင်းထန်းက ခရစ္စမတ်ညနေစာအတွက် ကျေးဇူးတော်ချီးမွမ်း၍ ပရိသတ်အားလုံး မတ်တပ်ရပ်လျက် ထောမနာသီချင်းသီဆိုကာ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ကျဲအိုဆန်ကုန်း၏ ကောင်းချီးမင်္ဂလာပေးခြင်းဖြင့် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ် ရုပ်သိမ်းကာ ခရစ္စမတ်ညနေစာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)