လွိုင်ကော် ဒီဇင်ဘာ ၂၆
ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် သည် တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဈေးပိုင်းရပ်ကွက်ရှိ မဲရုံအမှတ် (၁)နှင့် မင်္ဂလာရပ်ကွက်ရှိ မဲရုံအမှတ် (၂) သို့ ရောက်ရှိပြီး မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေ၊ မဲရုံတာဝန်ကျဝန်ထမ်းများ တာဝန်ထမ်းဆောင်နိုင်ရေး စုဖွဲ့ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုများကိုလည်းကောင်း၊ ဆက်လက်၍ ဒေါဥခူရပ်ကွက် မဲရုံအမှတ် (၁)၊ မဲရုံအမှတ်(၂)နှင့် အမှတ်(၃) မဲရုံများပြင်ဆင်ထားရှိမှု၊ မဲရုံတာဝန်ကျ ဝန်ထမ်းများ စုဖွဲ့ ထားရှိမှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါဥခူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် မဲစာရင်းများ လာရောက်ကြည့်ရှုစစ်ဆေးနေမှုများနှင့် ကြိုတင်မဲပေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)