ကယားပြည်နယ်ဝန်ကြီးချုပ် အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်ချီးမြှင့်

လွိုင်ကော် ဒီဇင်ဘာ ၂

ကယားပြည်နယ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(လွိုင်ကော်) အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ ()နှစ်သင်တန်း အပတ်စဉ်(၂၉) သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်) သင်တန်းသူများကမင်္ဂလာပါ တေးသီချင်းဖြင့် အဖွင့်ကပြဖျော်ဖြေခဲ့သည်။

ထို့နောက် အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် သူနာပြုဝန်ထမ်းများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ ()နှစ်တာ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားအားထုတ်သင်ယူခဲ့ခြင်းကြောင့် အောင်မြင်မှုအသီးအပွင့်များ ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သူနာပြုကောင်းတို့၏ အရည်အချင်း၊ ကျင့်ဝတ်များနှင့်အညီ ပြည်သူများက အားကိုးအားထားပြုရသူများဖြစ်အောင် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရိုသေကာ မိမိပြည်နယ်၏ အကျိုး မိမိနိုင်ငံ၏အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် သူနာပြုကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေနှင့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေသည့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးက လက်ခံရယူခဲ့ကြသည်။

ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ဒုတိယကျောင်းအုပ်ကြီးက အောင်လက်မှတ်ရရှိသော သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအမှာစကားပြောကြား ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကဦးရွှေရိုး ဒေါ်မိုးအကဖြင့် ကပြဖျော်ဖြေခဲ့သည်။

ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ဒုတိယကျောင်းအုပ်ကြီးက သင်တန်းသူတစ်ဦးချင်းစီအား ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းခဲ့သည်။ ထို့နောက် လူမှုရေးရာဝန်ကြီးက သစ်လွင်သူနာပြုရာထူးတာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာများကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်လက်မှတ်ရရှိသော သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။

ယနေ့ အခမ်းအနားတွင် ဒီပလိုမာအောင်လက်မှတ်ရရှိသည့် သင်တန်းသူ (၂၇)ဦးတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ  တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)