ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးတင်ဆွေဝင်း ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ကြံခင်း ဒီဇင်ဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ကြံခင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံး၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှမိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေတို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြင့်တွေ့ဆုံ၍ ကြံခင်းမြို့နယ်အတွင်းရှိ မဲရုံများစီစဉ်ထားရှိမှု၊ မီးဘေး၊ လုံခြုံရေးအခြေအနေများအား မေးမြန်းရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အရာရှိ ဒေါ်ဝင်းဝင်းမြင့်တို့က ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ /အုပ်စု ၃၅ စုတွင် မဲရုံ ၄၈ ရုံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မဲပေးစက်များရောက်ရှိမှု အခြေအနေ၊ အရန်မဲပေးစက်များ ထားရှိမှု၊ မဲရုံများစနစ်တကျဖွဲ့စည်းဆောင်ရွက်ထားရှိမှု တို့အားတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ MEVM မဲပေးစက်များ ထားရှိမှုနှင့် စမ်းသပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)