ကန့်ဘလူ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာ ၂၃ ရက်မှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ တတိယအကြိမ် ကပ်ထားကြေညာပေးရာ မဲဆန္ဒရှင်ပြည်သူများ မိမိတို့အမည် ပါရှိခြင်းရှိမရှိကို လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ရပ်ကွက်များနှင့်ကျေးရွာများ၌ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲဝင်များ က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည်။
ကန့်ဘလူမြို့နယ်၌ ရပ်ကွက် (၅) ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၈) အုပ်စုရှိပြီး မဲရုံ (၃၂) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)