မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မ‌‌ကွေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘတ်စုံခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှပါမောက္ခချုပ်များ၊ မောင်မယ်သစ်လွင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် မကွေးတိုင်းဒေသကြီး၏ ဘွဲ့ရပညာတတ်များဖြစ်လာမည့် လူငယ်အင်အားသစ်တွေကို ကြိုဆိုတဲ့ အခမ်းအနားဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာရေးရဲ့ရည်ရွယ်ချက်ဟာ အရည်အချင်းမြှင့်မားသည့် ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်မွေးထုတ်ရန်၊ သိပ္ပံနှင့်ယဉ်ကျေးမှုနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ပါကြောင်း အမိတက္ကသိုလ်အနေနှင့် သားတို့သမီးတို့ကို ကျွမ်းကျင်မှုဆိုင်ရာတိုးမြှင့်ပေးခြင်း၊ စိတ်ဓာတ်ရေးရာကိုမြှင့်တင်ပေးခြင်း၊ သင်ယူမှုတိုးတက်အောင်မြင်စေရေးအတွက် လမ်းညွှန်မှုပြုခြင်းနှင့် နိုင်ငံသားများ၏ ဘုံယဉ်ကျေးမှုနှင့် အဆင့်အတန်းတို့ကိုမြင့်မားစေရေးဆောင်ရွက်ရမှာဖြစ်ကြောင်း မောင်မယ်သစ်လွင်တွေဟာ ဒေသရဲ့အနာဂတ်၊ နိုင်ငံရဲ့အနာဂတ်ကို ဆက်လက်တာဝန်ယူမယ့် လူငယ်တွေဖြစ်သည့်အတွက် မောင်တို့မယ်တို့ကို လှိုက်လှဲစွာကြိုဆိုပါကြောင်း ပြောကြားသည်။   ထို့နောက် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်ကေခိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ မကွေးတက္ကသိုလ်စာပေနှင့်အနုပညာအသင်းမှ “လှပဝေဆာဆီမီးပဒေသာ” သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စန္ဒကူးကျောင်းသူဆောင်အတွက် (32”SmartTv)တစ်လုံး ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှုးများ၊ ပါမောက္ခဆရာ/ဆရာမကြီးများ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ဆက်လက်၍ မကွေးတက္ကသိုလ် သတ္တဗေဒအထူးပြုကျောင်းသူလေးများက “သွေးခြင်းတို့ရဲမြေ” သီးချင်းဖြင့်လည်းကောင်း၊ မကွေးတက္ကသိုလ် အင်္ဂလိပ်စာအထူးပြု ကျောင်းသား/ကျောင်းသူလေးများက “ထန်းရွက်ပုတီး” သီးချင်းဖြင့်လည်းကောင်း၊ မကွေးတက္ကသိုလ်စာပေနှင့်အနုပညာအသင်းမှ “လက်ခုတ်သံ” သီချင်းဖြင့်လည်းကောင်း၊ မကွေးတက္ကသိုလ်ရုက္ခဗေဒအထူးပြုကျောင်းသူလေးများက “ပန်းကမ္ဘာမျှော်စင်” သီချင်းဖြင့်လည်း‌ကောင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘာသာရပ်အလိုက်ပြသထားသော ပြခန်းငယ်များအား လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။

မောင်ခိုင်မင်း( ပြန်ဆက်)