ကန့်ဘလူမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး

ကန့်ဘလူ ဒီဇင်ဘာ ၂၄

သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးရောဂါဖြစ်ပြီး ထိုသို့ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး အသက် ၁၂ နှစ်မကျော်သော အမျိုးသမီးငယ်များအား အ.ထ.က(၁)ကန့်ဘလူ၌ ထိုးနှံပေးသည်။

အဆိုပါပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးမှုအား ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာကျော်ကျော်ဇင်တို့က ကြည့်ရှုအားပေးခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ရာ အမျိုးသမီးငယ် ၁၁၅ ဦးထိုးနှံပေးခဲ့သည်။ အဆိုပါနေ့က အမှတ်(၃) ရပ်ကွက် အ.ထ.က(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ဆက်လက်ထိုးနှံပေးရာတွင် အမျိုးသမီးငယ် ၉၃ ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)