မကွေး ဇန်နဝါရီ ၃
မကွေးမြို့၌ ကိုဗစ်-၁၉ ကာလတွင် ခရီးသည်တင် လေယာဉ်ပြေးဆွဲခြင်းကို ရက်ပေါင်း (၉၀) ခန့်ကြာ ယာယီ ရပ်နား ထားသည့် ရန်ကုန်-မကွေး-အမ်း-စစ်တွေ ခရီးစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်၍ ပြန်လည်ပြေးဆွဲနေပြီး မကွေးမြို့သို့ ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့် ခရီးသည်များ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း မြန်မာ့လေကြောင်း လိုင်း မကွေး တာဝန်ခံထံက သိရသည်။
ရန်ကုန်-မကွေး-အမ်း-စစ်တွေ လေယာဉ်ခရီစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင် ပြေးဆွဲပြီ ဖြစ်ပါတယ်၊ အပတ်စဉ် တနင်္လာနေ့နဲ့ သောကြာနေ့တွေမှာ လေယာဉ်ပြေးဆွဲမှာပါ၊ ခရီးစဉ်ကတော့ ရန်ကုန်-မကွေး-အမ်း-စစ်တွေ အသွားအပြန်ဖြစ်ပြီး၊ အပတ်စဉ် တနင်္လာနေ့ နံနက် ၇ နာရီ ရန်ကုန်ကတက်ပြီးတော့ သောကြာနေ့မှာ နံနက် ၁၁ နာရီ ရန်ကုန်က တက်မှာဖြစ်ပါတယ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အညီ ပြေးဆွဲနိုင်ဖို့ ပြင်ဆင်ထားပါတယ်၊ မကွေးက လိုက်ပါမယ့် လေယာဉ်စီးခရီးသည်တွေ အနေနဲ့ နှစ်ရက် ကြိုတင်ပြီး ကျန်းမာရေး စစ်ဆေးမှုတွေ ဆောင်ရွက်ရမှာဖြစ်ပြီးတော့ ဓါတ်ခွဲနမူနာ ယူစစ်ဆေးတာ တွေကို မန်ကြီးကန် စစ်ဆေးရေးဂိတ်မှာ သွားရောက် စစ်ဆေးရမှာပါ၊ ကိုဗစ်ကာလ ခရီးသွားတာတွေ ဟာ ကျန်းမာရေးစစ်ဆေးမှုတွေ အသွားအလာ ကန့်သတ်နေထိုင်ရတာတွေ ရှိတဲ့အတွက် ခုအချိန်မှာ လေကြောင်းလိုင်း ပြေးဆွဲနေပြီဖြစ်သော်လည်း ခရီးသည်က နည်းနိုင်တယ်လို့ မြန်မာ့လေကြောင်း လိုင်း မကွေးတာဝန်ခံ ဦးမင်းအောင်က ပြောသည်။
အရင်က ခရီးသည်အဝင်အထွက်က ပျမ်းမျှ ၁၀၀ အထက်လောက် အဝင်အထွက်ရှိပါတယ် လက်ရှိမှာ ရန်ကုန်က ကိုဗစ်ကြောင့် အဝင်အထွက်နည်းတယ် စစ်တွေဘက်ကတော့ အဝင်အထွက် များပါတယ်၊ ကျွန်တော်တို့က လေကြောင်းဦးစီးဌာန လေဆိပ်တာဝန်ခံတွေဖြစ်ပြီး လေယာဉ် အတက်အဆင်းတွေကို ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက်ပျံသန်းနိုင်ဖို့ တာဝန်ပါ၊ ခရီးသည်တွေ အဝင်အထွက်တွေ ချောမွေ့စွာ၊ ယုံကြည်စွာ၊ စိတ်ချစွာနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝင်ထွက်သွားလာ နိုင်ဖို့အတွက် တာဝန်ယူ ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့ မကွေးလေဆိပ်မှ တာဝန်ခံ ဦးမင်းအောင် က ပြောသည်။
ရန်ကုန်-မကွေး-အမ်း-စစ်တွေ အသွားအပြန် ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်းမှ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်ပြေးဆွဲခဲ့တာဖြစ်ကြောင်း၊ ကိုဗစ် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၁ ရက်နေ့က ရပ်နားခဲ့ရာမှ ဇွန်လ ၁ ရက်နေ့မှစ၍ ပုံမှန်ခရီးစဉ်များအတိုင်း ပြန်လည် ပြေးဆွဲခဲ့ပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်း အစမှာ ပြေးဆွဲမှု ရပ်နားထားကာ ယခုလ ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်၍ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ပုံမှန်ပြေးဆွဲစဉ်က ရန်ကုန်-မကွေး-အမ်း-စစ်တွေ လေယာဉ်ခရီးစဉ်မှာ ခရီးသည်(၁၅)ဦးမှ(၂၀)ဦးအထိ လိုက်ပါစီးနင်းပြီး၊ မကွေး-အမ်း-စစ်တွေ လေယာဉ် ခရီစဉ်မှာ ခရီးသည်(၃၀)ဦးခန့်အထိ လိုက်ပါကြကြောင်း မြန်မာ့လေကြောင်းလိုင်း မကွေးတာဝန်ခံထံက သိရသည်။
သန်းနိုင်ဦး(ငဖဲ)