ထားဝယ် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တိုင်းဒေသကြီးတာဝန်ခံ)နှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွတ်သိန်းက ယခုလက်ရှိ မြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများအနေဖြင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသောဌာနဆိုင်ရာများဖြစ်ကြောင်း၊ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် MEVM နှင့်ပတ်သက်၍ မြို့နယ်အလိုက် သင်တန်းများပို့ချပေးထားပြီးဖြစ်ကြောင်း၊MEVM စက်ကိုင်တွယ်အသုံးပြုမှုအား လက်တွေ့တွင်လည်းကောင်း၊ မြေပြင်တွင် လည်းကောင်း ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ပြည်သူလူထုအား ဆန္ဒမဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ အဓိကအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူ လူထုအား တိုက်ရိုက်ထိတွေ့ပြီး ဆန္ဒမဲပေးနိုင်ရေး စည်းရုံးလှုံ့ဆော်ပေးကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုများစိတ်အေးချမ်းသာစွာမဲပေးနိုင်ရေးအတွက် မဲရုံအခင်းအကျင်းပြင်ဆင်ထားရှိမှုများအား သတ်မှတ်ထားသောပုံစံများအတိုင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တက်ရောက်လာသောဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဝန်ထမ်းများအား ကြိုးစားလုပ် ကိုင်ဆောင်ရွက်ပေးရေး မှာကြားပေးရန်လိုအပ်ကြောင်း၊ မဲရုံများတွင် တာဝန်ကျသော မဲရုံမှူးများ၊ ဒုမဲရုံးမှူးများ နှင့်ဝန်ထမ်းများလိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးအောင်ချိုတို့က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)