ကော့သောင်းမြို့တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေး

ကော့သောင်း ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်နေ့၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်ကြမည့် မဲစာရင်းပါရှိပြီးဖြစ်သည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမနှင့် အ.ထ.က (ခွဲ) အ.လ.က(၂) ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘုရင့်နောင်ရပ်ကွက်၊ အဏ္ဏဝါရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက်၊ ရွှေဇင်ယော်ရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်များမှ မဲဆန္ဒရှင်များက မဉ္ဇူသကခန်းမတွင်လည်းကောင်း၊ ပိတောက်ရွှေဝါရပ်ကွက်၊ အောင်သုခရပ်ကွက်၊ အေးမြကန်သာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊ ပုလုံးတုံးတုံး‌ကျေးရွာအုပ်စု၊ ရွှေပြည် စိုး‌ကျေးရွာအုပ်စု၊ ဆယ်မိုင်ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများက အ.ထ. က (ခွဲ) အ.လ.က (၂) ကျောင်းတို့တွင် ကြိုတင်ဖြည့်သွင်းရမည့်လျှောက်လွှာ ပုံစံ (၁၃) များကို တစ်ပါတည်းယူဆောင်၍ သက်ဆိုင်ရာရပ်ကွက်‌၊ ကျေးရွာအုပ်စု မဲဆန္ဒနယ်များအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းများ တစ်စုတစ်စည်းတည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)