မြိတ်မြို့နယ် ကျွဲကူးကျေးရွာနှင့် သမုတ်ကျေးရွာတို့တွင် မီးလောင်မှုဖြစ်ပွား

မြိတ်   ဇန်နဝါရီ   ၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ကျွဲကူးဇက်ဆိပ်လမ်းရှိ ကျွဲကူး ကျောင်း တိုက်တွင် ယနေ့ နံနက် (၈) နာရီခန့်၌ ဓမ္မာရုံစတိုခန်းရှိ လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲ၍ မီးပွားကျပြီး ခေါင်းအုံးနှင့် မွေ့ရာများကို ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သမုတ်ကျေးရွာ မော်စုန်းရပ်ရှိ ဒေါ်အင်ဟုန်၏ နေအိမ်တွင် နံနက် (၁၀) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ထမင်းအိုးချက်ပြုတ်ရာမှ မီးဖိုမှတဆင့် အနီးရှိ ပစ္စည်းများ ကူးစက်ရာမှ မီးလောင်မှု (၂) ခုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

ကျွဲကူးကျောင်းတိုက် မီးလောင်မှုတွင် အလျား(၇၀)ပေ၊ အနံ (၃၀) ပေ၊ အုတ်တိုက်(၁)ထပ် ဓမ္မာရုံ(၁)လုံး၊ အလျား(၄၀)ပေ၊ အနံ(၄၀)ပေ၊ အုတ်တိုက်(၂)ထပ် ဆရာတော်အဆောင် အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ပြီး သမုတ်ကျေးရွာ မီးလောင်မှုတွင် အလျား(၃၀)ပေ၊ အနံ(၅၀)ပေ၊ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းခြေတိုင်ရှည် (၁)ထပ်လူနေအိမ် မီးဖိုခန်းရှိ ဓနိမိုးများ နှင့်ပျဉ်ကာများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပြီး အဆိုပါ မီးလောင်မှု ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျွဲကူးဘုန်းတော်ကြီးကျောင်း မီးလောင်မှုသတင်းအား ပြည်သူတစ်ဦးမှ တယ်လီဖုန်းသတင်းပေးပို့သဖြင့် ဗဟိုမီးသတ် စခန်းမှ မီးငြိမ်း သတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၃)ဦး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ကယ်ဆယ်ရေး ယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ ကျွဲကူးနယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)ဦး၊ သမုတ်နယ်မြေ မီးသတ်စခန်းမှ မီးငြိမ်း သတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ် (၅)စီး၊ လူနာတင်ယာဉ် (၂)စီး၊ ပုဂ္ဂလိကရေသယ်ယာဉ်(၅)စီး၊ လူမှုရေးအသင်းအဖွဲ့အစည်းများမှ လူနာတင်ယာဉ်များဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍  သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကျေးရွာနေပြည်သူများ နှင့် ပူးပေါင်းငြိမ်းသတ်ခဲ့ကြရာ(၈) နာရီ (၃၅) မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့၍ (၈) နာရီ (၅၅) မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ထို့အတူ သမုတ်ကျေးရွာ မီးလောင်မှုအား ပြည်သူတစ်ဦးမှ တယ်လီဖုန်းသတင်းပေးပို့သဖြင့် သမုတ်နယ် မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် သမုတ်နယ်မြေမီးသတ်စခန်းမှ ဒုမီးသတ် ဦးစီးမှူး ဦးချစ်နိုးနိုး ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ပူးပေါင်း ငြိမ်းသတ်မှု ကြောင့် (၁၀) နာရီခွဲ အချိန်တွင်မီးထိန်း၊ (၁၀) နာရီ (၃၅) မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး ( မြိတ်  ပြန်/ဆက်  )