မင်းဘူး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုသည် အရေးကြီးကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲစာရင်းမှန်ကန်ရေးအတွက် လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် စိစစ်၊ ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြုခြင်းလုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အလေးအနက်ထားကာ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်က လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာဥက္ကဋ္ဌများက လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)