မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ကျောင်းကြီးစု ကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွဲခြံချောင်းဖျားကျေးရွာအုပ်စု၊ နွားရေကျော်ကျောင်းကြီးစုကျေးရွာ၌ Drum seeder ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲနှင့် ကန်သင်းဘောင် နေကြာစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်သည်။

အဆိုပါ နွားရေကျော်ကျောင်းကြီးစုကျေးရွာ၊ ကွင်းအမှတ် (၁၃၀၁)၊ ဦးပိုင်အမှတ် (၃၉/၁) တောင်သူ ဦးအေးခိုင်၏လယ်မြေ (၃) ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေးစပါးနယူးဧရာ (၁၁) အား Drum seeder ဖြင့် စိုက်ပျိုးရန်စီစဥ်ဆောင်ရွက်နေမှုကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်းတို့က ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း ကြောင့်ကြဲခင်းထက် မျိုးစေ့နှုန်းထားလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးစောစီးစွာရရှိနိုင်ခြင်း၊ ရေကြီးနှစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေဩဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ရေကိုပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း သိရသည်။

ဆက်လက်၍ ၎င်းလယ်မြေ၏ ကန်သင်းဘောင်တွင် ရေဆင်းစပ်မျိုး (၁) နေကြာတင်း ၂၅၀၀ ကိုလည်း မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)