ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီ ပဲမျိုးစုံလျာထားဧကထက် ပိုမိုစိုက်ပျိုး

ကျွန်းလှ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံလျာထားဧက ထက်ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် မတ်ပဲ ၁၁၇၂၈ ဧက၊ ထောပတ်ပဲ ၁၈ ဧက၊ ကုလားပဲ ၂၄၁ ဧက၊ စားတော်ပဲ ၅၂၃၃ ဧက၊ စွန်တာပြာ ၂၁၃၅ ဧက၊ ပဲရာဇာ ၄၅၃ ဧက၊ စုစုပေါင်း ၁၉၈၀၈ ဧကဖြစ်ကြောင်း သိရသည်။

“ ကျွန်းလှမြို့နယ်မှာ ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ပဲမျိုးစုံစိုက်ပျိုးဖို့ ၁၉၇၉၃ ဧကလျာထားပြီး ၁၉၈၀၈ ဧက (၁၀၀ ဒသမ ၀၇) ရာခိုင်နှုန်းစိုက်ပျိုးထားပါတယ်။ ပဲမျိုးစုံကို ဆောင်းရာသီမှာ အဓိကစိုက်ပျိုးကြပြီး တိုးချဲ့စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ပဲမျိုးစုံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်း မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို(မြို့နယ်)