ပဲခူး ဒီဇင်ဘာ ၂၄
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ လွတ်ကင်းမှုမရှိစေရေးနှင့် တိုင်းဒေသကြီးအနေဖြင့် အခွန်အရပ်ရပ်ကောက်ခံရရှိမှု အလုပ်ရုံးဆွေးနွေးပွဲနှင့် အခွန်အရပ်ရပ် တိုးတက်ကောက်ခံရရှိရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က ပဲခူးမြို့၊ လူငယ်စင်တာခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက အခွန်ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန်၊ ဝန်ထမ်းများ အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရှိဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ကြရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အခွန်အမျိုးအစား (၅)မျိုးနှင့် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်သည့် လုပ်ငန်း (၄) မျိုးမှ လျာထားချက်ထက် ပိုမိုတိုးတက်ကောက်ခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး မြို့နယ်အသီးသီးမှ အခွန်ကောက်ခံရရှိမှု အခြေအနေများအား တင်ပြဆွေးနွေးမှုအပေါ် စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပဲခူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ပဲခူးမြို့နယ်ရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ အခွန်ထမ်းများမှ သိရှိလို၍ မေးမြန်းခဲ့မှုများအပေါ် ပဲခူးမြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နီလာမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အခွန်ထမ်းလုပ်ငန်းရှင် စုစုပေါင်း (၂၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)