နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ခြင်းနှင့် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း (မွမ်းမံ)သင်တန်း ဖွင့်လှစ်

နတ်မောက် ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအသီးသီးတွင် မဲရုံအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများအား လုပ်ငန်းလမ်းညွှန်ခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း(မွမ်းမံ)သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းခန်းမတွင် ဆရာ/မ (၂၀၀)ဦး တက်ရောက်လျက်ရှိသည်။

အဆိုပါမဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို နံနက် (၁)ချိန်၊ နေ့လယ် (၁)ချိန် (၂)ကြိမ်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပြီး မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရွေးကောက်ပွဲစနစ်အကြောင်း၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊နည်း ဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံ စသည့်အကြောင်းအရာများကို လက်တွေ့ဖွင့်ဖောက် တပ်ဆင်ခြင်းများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ နည်းပြဆရာ/မများက သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း