မြောင်းမြမြို့တွင် တတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

မြောင်းမြ ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ တတိယအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် မဲန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိပြီးဖြစ်သည်။

မြောင်းမြမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားကြေညာခဲ့ပြီးဖြစ်ပြီး မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်သည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်းစိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ကြရမည်ဖြစ်သည်။

မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်ပြီး အိမ်မဲမြို့နယ်နှင့် ဝါးခယ်မမြို့နယ်များသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲဒုတိယပိုင်းတွင်ပါဝင်ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)