မင်းဘူး ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ချောင်းဖြူကျေးရွာ၌ မိုးတွင်းကာလ တောင်ကျချောင်းရေများ ဖြတ်သန်းစီးဆင်းဝင်ရောက်ပြီး ဆားပွက်ချောင်း ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များ ကြိုတင်ပြောင်းရွှေ့ခဲ့ရမှု ဖြစ်ပွားခဲ့သည့်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၄)၊ မကွေးတိုင်းဒေသကြီးရုံးမှ လူမှုစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေ(CSR)ဖြင့် ဆားပွက်ချောင်းအတွင်း မျောကရစ်ကွက် Geo Bag ဖြည့် အခြေထိန်း အလျားပေ ၁၀၀ နှစ်ခု၊ သုံးတန်းသွား မျောတိုင်တန်း Geo Bag ဖြည့် ရေကာအလျားပေ ၂၅၀ တစ်ခု၊ ပေ ၃၀၀ တစ်ခု၊ အလျားပေ ၂၀၀၀၊ အကျယ်ပေ ၁၀၀၊ အနက် ၈ ပေ ဆားပွက်ချောင်းတူးဖော်ခြင်း၊ အလျားပေ ၄၀၀၊ အနံ ၁၂ ပေ၊ အနက် ၁၀ ပေ သင်ပုန်းချောင်းတူးဖော်ခြင်းနှင့် အလျားပေ ၅၀၀၊ အနံ ၆ ပေ၊ အနက် ၈ ပေ သင်ပုန်းချောင်းချဲ့ခြင်း စသည့်လုပ်ငန်းများကို ခွင့်ပြုငွေ ၃၃၅ ကျပ်သန်းဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးနောင်နောင်ဇော်လေးက ပြောသည်။
ချောင်းဖြူကျေးရွာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အဆိုပါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ လူနေအိမ်းများ၊ ကျေးရွာလမ်းများနှင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဒဏ်မှ ကြိုတင်ကာကွယ်နိုင်မည့်အပြင် မိုးတွင်ကာလ ဆားပွက်ချောင်းရေတိုက်စားမှုဒဏ်မှ နှစ်စဉ်ကင်းဝေးနိုင်ရန် ဒေသခံများက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)