မြန်အောင် ဒီဇင်ဘာ ၂၄
ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းသည် ယမန်နေ့နံနက်က မြန်အောင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုတို့အားကြည့်ရှုစစ်ဆေး၍ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် မြန်အောင်ခရိုင်စုပေါင်းရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးစွာ ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းသည် မြန်အောင်ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်အောင်မြို့နယ်တွင်အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ဖြန့်ခွဲမှုနှင့်သိမ်းဆည်းရာတွင် စနစ်တကျ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေး တာဝန်ခွဲဝေဆောင် ရွက်ကြရန်မှာကြားသည်။ ထို့နောက်မြန်အောင်မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ရွှေရည်ဖြိုးက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးတာဝန်ခံက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောက်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးတင်ဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြန်အောင်မြို့နယ်၌အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဝင်းဗိုလ် (ပြန်/ဆက်)