ကရသူရိမြို့၌ မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကရသူရိ ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ လ ၂၄ ရက် နံနက် ၁၁ နာရီက စစ်​ဆေးဆောင်ရွက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကရသူရိမြို့အတွင်းရှိ မဲရုံများအဖြစ်ထားရှိသည့် စာသင်ကျောင်းနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) ရုံးတို့တွင် မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဗူးအသုံးပြုနည်း၊ လျှပ်စစ်မီးဝါယာကြိုးများ စနစ်တကျထားရှိမှု၊ မီးချိတ်မီးကတ်များ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု၊ ရေတွင်း၊ ရေကန်များ၌ ရေသိုလှောင်ထားရှိမှုနှင့် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားရေးတို့ကို စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို နယ်​မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)