မုံရွာ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဌာနဆိုင်ရာများမှပူးပေါင်း၍ “ဒို့အတူတူမဲပေးကြမယ်”ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် စတစ်ကာများဖြန့်ဝေခြင်းအား မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာဈေးအနီးရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကားလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာကြသည့် မော်တော်ယာဉ်များနှင့် ပြည်သူများအား “ဒို့အတူတူမဲပေးကြမယ်” စတစ်ကာများဖြန့်ဝေပေးခဲ့ကြပြီး အောင်ချမ်းသာဈေးအတွင်းရှိ ဈေးရောင်းချသူများနှင့်ဈေးဝယ်လာရောက်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၅) သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူအားလုံးမှ မိမိတို့အား ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအား ကျေပွန်အောင်အစွမ်းကုန် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း လွတ်လပ် ၍တရားမျှတပြီး ဂုဏ်သိက္ခာရှိသည့်ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေးလိုအပ်သည့် ပံ့ပိုးကူညီလမ်းညွှန်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒုတိယဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၁/၂၀၂၅) အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား အဆင်ပြေပြေချောချောမွေ့မွေ့ အခက်အခဲများ ကြန့်ကြာမှုမရှိအောင် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဆက်စပ် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အောက်တို ဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုလုပ်ငန်းများနှင့် ပတ် သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့ကုမ္ပဏီများအလိုက် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချသွားမည့် လုပ်ငန်းအခြေ အနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)