ကြို့ပင်ကောက် ဒီဇင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့က တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာ လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ပြုလုပ်ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲစာရင်းလာရောက်ကြည့်ရှုသူပြည်သူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် စိစစ်ဆောင်ရွက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်များ၏ အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ မဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည်နေ့ မဲရုံ၌ ဆန္ဒမဲပေးခြင်းကို အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ပြန်ဆက်)