မြိတ်မြို့တွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ဆင်းပွဲကျင်းပ

မြိတ် ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်လာပြီး ဒေသတွင်းသို့ လာရောက်ကြမည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအား ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ကြစေ ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော ဟိုတယ်ဆိုင်ရာ ဧည့်ကြို/ အိပ်ခန်းဆောင်ထိန်းသိမ်းမှု/ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှု (Level-1) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီက Hotel Grand Jade ခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းနည်းပြဆရာ ဂုဏ်ပြုမှတ်တမ်းလွှာ၊ သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု (Level-1) သင်တန်း၌ တက်ရောက်အောင်မြင်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် မြိတ်ခရိုင် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါဟိုတယ်ဆိုင်ရာ ဧည့်ကြိုဝန်ဆောင်မှုသင်တန်းတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအကြောင်း မိတ်ဆက်၊ ဟိုတယ်အမျိုးအစားများအကြောင်း၊ ဧည့်ကြိုလုပ်ငန်းစဉ် ကြိုတင်အမှာစာလက်ခံခြင်း၊ check in and check out ဆောင်ရွက်မှုအကြောင်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းခြင်းဝန်ဆောင်မှုတွင် ဟိုတယ်ဧည့်ခန်းမကြီး အပါအဝင် အိပ်ခန်းဆောင် ထိန်းသိမ်းသန့်ရှင်းခြင်းအကြောင်းများ၊ တစ်ကိုယ်ရေသန့်ရှင်းမှု အခန်းတွင်းပစ္စည်းများ သပ်ရပ်မှုအကြောင်းများ၊ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှုတွင် လုပ်ငန်းသုံးကိရိယာများ၊ ဟင်းပွဲစားစရာနှင့်သောက်စရာဗဟုသုတများ၊ ဝန်ဆောင်မှုအစီအစဉ် အဆင့်ဆင့်အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်း (၃) ခုကို သင်တန်းသား/သင်တန်းသူ (၁၀၅) ဦး တက်ရောက်ခဲ့ကြ၍ သင်တန်းကာလရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)