တောင်ငူ ဒီဇင်ဘာ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုးသည် တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့များနှင့်အတူ တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတံတားများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများသည် တောင်ငူမြို့နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံ (GRF) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တောင်ငူမြို့နယ်၊ အင်ဒိုင်း-ချောင်းဖြူ-ပဲချက်ကုန်းလမ်း (၀/၂.၅မိုင်) ကျောက်ချောခင်းခြင်းလုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများမှ အဆိုပါလမ်းအား ဆောလျင်စွာအသုံးပြုနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)