ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

လွိုင်ကော်  ဒီဇင်ဘာ  ၂၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာန ဆိုင်ရာများ၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လွိုင်ကော် ပညာရေးဒီဂရီကောလိပ် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့၏ စွမ်းရည်ပြတီးမှုတ်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက်ပညာရေးဒီဂရီကောလိပ်ကျောင်းသားကျောင်းသူများက“အနန္တငါးဖြာ” တေးသီချင်းဖြင့် အဖွင့်သီဆို ဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ် (၄)နှစ်သင်တန်းသို့ တက်ရောက်ကြမည့် သစ်လွင်မောင်မယ် ကျောင်းသားကျောင်းသူများကို နွေးထွေးစွာကြိုဆိုပါကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ ဖြစ်ထွန်းလာစေရန်အတွက် ပညာပြည့်ဝနှလုံးလှသည့် ဆရာကောင်းတို့၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ပညာရေးအဆင့်အတန်း မြင့်မားလာစေရန် အဖက်ဖက်မှကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သစ်လွင်မောင်မယ်သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးကဏ္ဍ ခိုင်ခံ့မြင့်မားစေရန်နှင့် မိမိတို့ပြည်နယ်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် ဆရာ ဆရာမကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများ  စားသောက်မှုအဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် စားရိတ်ချီးမြှင့်ငွေများကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ (မန္တလေးဇုန်)တွင် လှံတံပစ် အားကစားနည်းဖြင့် ပထမဆုရရှိခဲ့သည့် ကျောင်းသားအား ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ အခမ်းအနားတွင် ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်းပေးအပ်ချီးမြှင့်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူးနှင့် စီးပွားရေးရာဝန်ကြီးတို့က ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ မျာ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက မောင်မယ်သစ်လွင် များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရွေးချယ်ခံရသည့် မောင်သစ်လွင်နှင့် မယ်သစ်လွင်တို့အား စလွယ်နှင့် သရဖူများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသူများ၏ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)