ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လွိုင်ကော်   ဒီဇင်ဘာ  ၂၃

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့်အတွက်  အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနများမှ မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလုံးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေး၊ နယ်မြေဒေသလုံခြုံရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ရှိသူအားလုံးက စနစ်တကျပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် မိမိတို့ဆောင်ရွက်ရမည့်  လုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် တက်ရောက်လာသူများက  မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များတွင် မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။  

ဦးစွာ လောဓမ္မရပ်ကွက်ရှိ မဲရုံအမှတ် (၂) နှင့် (၃) သို့ ရောက်ရှိပြီး မဲရုံများ ပြင်ဆင်ထားရှိမှုအခြေအနေ၊ မဲရုံတာဝန်ကျ ဝန်ထမ်းများတာဝန်ထမ်းဆောင်မှုနှင့် လုံခြုံရေးအဖွဲ့များတာဝန် ထမ်းဆောင်နေမှုများကို လည်းကောင်း၊ ဆက်လက်၍ နမ့်ဘော်ဝမ် (ခ) နှင့် အောင်သီဟရပ်ကွက် များသို့ရောက်ရှိပြီး မဲရုံများပြင်ဆင်ထားရှိမှု၊ မဲရုံတာဝန်ကျ ဝန်ထမ်းများတာဝန်ထမ်းဆောင်မှုနှင့် လုံခြုံရေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်အောင်ပြင်ဆင်ထားရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ကြရန်  မှာကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)