တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း

ထားဝယ်     ဒီဇင်ဘာ  ၂၃

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လွတ်လပ်ရေးနေ့တွင်ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်သူများပျော်ရွှင်စွာဖြတ်သန်းရရှိရေး ဝိုင်းဝန်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ စတိတ်ရှိုးကဏ္ဍများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှနေ့ကြီးရက်ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ ပိုမိုဆောင်ရွက်လာနိုင်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်းပူးပေါင်း ဆောင်ရွက်လာသည်ကိုတွေ့ရှိရကြောင်း ပြောကြားသည်။

ထို့နောက်ကော်မတီဝင်များကလွတ်လပ်ရေးနေ့အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန် ရေး၊ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊  ပြခန်းများခင်းကျင်းပြသရေး၊ သစ်သီးဝလံများပြိုင်ပွဲကျင်းပရေး၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ပျော်ပွဲရွှင်ပွဲများနှင့်အားကစားပြိုင်ပွဲများကျင်းပရေး၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့်ညစာစားပွဲကျင်းပရေးစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)