တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် တတိယအကြိမ် ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နေပြည်သူများမှ လာရောက် ကြည့်ရှု

တောင်ငူ ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ယနေ့တွင် ထုတ်ပြန်ကြေညာထားရာ ရပ်ကွက်နေပြည်သူများမှ လာရောက်ကြည့်ရှုသည်။

အဆိုပါ မဲဆန္ဒရှင်များ စာရင်းကြေညာခြင်းကို တောင်ငူမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ဝင်များ လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိသည်။

တတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန် ကြေညာထားခြင်းကို ဒီဇင်ဘာလ(၂၃)ရက်နေ့မှ ဒီဇင်ဘာလ(၂၅)ရက်နေ့အထိ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးမည့်စာရင်း ပါ၊ မပါ မိမိအမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည် စသည့် အချက်အလက်များကွဲလွဲမှု ရှိ/မရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ လာရောက်ကြည့်ရှုစစ်ဆေးနိုင်ပြီး ကွဲလွဲမှုရှိပါက ပြင်ဆင်ရမည့် ၎င်းပုံစံများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံမှ အခမဲ့ထုတ်ယူနိုင်ကြောင်း တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)