ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း အသိပေးထုတ်ပြန်ကြေညာခြင်းကို ယနေ့မှစတင်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများတွင် ထုတ်ပြန်ကြေညာပေးထားရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယခု တတိယအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများ မဲစာရင်းတွင် ပါဝင်ခြင်း ရှိ/မရှိ သိရှိနိုင်ရန် ဒီဇင်ဘာ ၂၃ ရက်နေ့မှ ဇန်နဝါရီ ၅ ရက်နေ့အထိ ထုတ်ပြန်ကြေညာထားရှိမည်ဖြစ်ကြောင်း သိရပြီး ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ နယ်မြေအလိုက် ထုတ်ပြန်ကြေညာပေးထားသော မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်မဲစာရင်းတွင် ပါ၊ မပါ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)