မင်းလှ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် ဆရာ/ဆရာမများအား အီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် ဆရာ/ဆရာမများအနေဖြင့် မဲရုံအသီးသီးမှ မဲပေးစက်ကိုင်တွယ်အသုံးပြုရာတွင် ကျွမ်းကျင်ပိုင်နိုင်စေရေးနှင့် မဲစာရင်းမှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်ရန်ပြောကြားကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ကျော်က အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီ မဲရုံတွင် စက်များ အသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မဲပေးစက်အသုံးပြုခြင်းလုပ်ငန်းစဥ်များ၊ ထိန်းချုပ်စက်အသုံးပြုခြင်း လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် ဆရာ/ဆရာမများအား အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ စမ်းသပ်မဲပေးခြင်း စသည့်လုပ်ငန်းဆောင်ရွက်ချက်များကို လက်တွေ့ကိုင်တွယ် စမ်းသပ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် ဆရာ/ဆရာမများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းကို ၂၃-၁၂-၂၀၂၅ ရက်နေ့မှ ၂၇-၁၂-၂၀၂၅ ရက်နေ့ထိ ၅ ရက် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)