ကော့ကရိတ် ဒီဇင်ဘာ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကော့ကရိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးမိုးကျော်အောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစောကြည်လင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။
သင်တန်းတွင် ဒေသထွက်သီးနှံများကို အခြေခံသည့်သစ်သီးဖျော်ရည်နှင့် ယိုမျိုးစုံပြုလုပ်နည်းများကို (၂၂.၁၂.၂၀၂၅)ရက်နေ့မှ (၂၈.၁၂.၂၀၂၅) ရက်နေ့ထိ သင်တန်းကာလ(၇)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့်သင်တန်းသား၊ သင်တန်းသူများ၊ စုစုပေါင်းအင်အား(၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)