ထားဝယ် ဒီဇင်ဘာ ၂၃
ထားဝယ်သူနာပြုသင်တန်းကျောင်း၏အပတ်စဉ် (၂၉) သူနာပြု-သားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အလွန်အရေးပါပြီး ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့၍ အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ကြမည့်သူနာပြုများကို သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားဖြစ်ကြောင်း၊ (၃) နှစ်တာကာလကြာ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သင်ယူခဲ့ခြင်း၏ အောင်မြင်ခြင်း အသီးအပွင့်အနေဖြင့် ယခုလို ဒီပလိုမာလက်မှတ်ရသူနာပြုများအဖြစ် သူနာပြု-သားဖွားဒီပလိုမာအောင် လက်မှတ်ပေးအပ်နိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းများ၊ အရည်အသွေးပြည့်သူနာပြုကောင်းများကို ထားဝယ်သူနာပြုသင်တန်းကျောင်းက မွေးထုတ်ပေးလျက်ရှိကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနအောက်က သူနာပြုတက္ကသိုလ် (၂) ခုကို ထူထောင်ပေးခဲ့ပြီး သူနာပြုသိပ္ပံဘွဲ့ (B.N.Sc)၊ သူနာပြုမဟာ သိပ္ပံဘွဲ့ (M.N.Sc)၊ သူနာပြုပါရဂူဘွဲ့ (Ph.D) ကိုပါ အပ်နှင်းနိုင်နေပြီးဖြစ်ကြောင်း၊ သူနာပြု - သားဖွားဒီပလိုမာ သင်တန်းကျောင်းကိုလည်း (၅၃) ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပြီး နိုင်ငံရပ်ခြားနှင့်ဆက်သွယ်အကူအညီယူပြီး အဆင့်မြင့်သူနာပြုအတတ်ပညာများကို ထပ်လောင်းသင်ကြားပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ဂုဏ်ဆောင် ထားဝယ်သူနာပြုသင်တန်းကျောင်းကလည်း စတင်ဖွင့်လှစ်သည့် ၁၉၉၃ ခုနှစ်မှစ၍ ယနေ့အထိ အရည်အသွေးပြည့်မှီသော သူနာပြုဦးရေ (၁၂၆၃) ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူနာပြု - သားဖွားဒီပလိုမာအောင်လက်မှတ်ရမောင်မယ်များအနေဖြင့် မိမိဘဝအတွက် ခိုင်မာ သော အာမခံချက်အပြည့်နှင့် ပြည်စုံနေပြီဖြစ်သောကြောင့် ပိုမိုဖြောင့်ဖြူးကောင်းမွန်သော ဘဝလမ်းခရီးကို လျှောက်လှမ်းနိုင်ရန်အတွက် ပြည်သူ့သူနာပြုဘဝတွင် ပျော်ရွှင်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်ရ မောင်မယ်များနှင့် အမှတ်တရမှတ်တမ်းဓာတ်ပုံ ရိုက်ကူးသည်။
ဆက်လက်၍ ထားဝယ်သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)